ချန်ပီယံလိဂ် ဝင်ဖို့တောင် မလွယ်တော့ခြင်း၊ အန်ဇိုနဲ့ ခြေတလှမ်း အလို၊ ပြန်မလာချင်တဲ့ လူကာကူ နဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီး အသင်းဟာ တန်းဆင်းဇုန်မှ နော့တင်ဟမ် ဖောရက်စ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ၁-၁ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ နည်းပြ ဂရေဟမ် ပေါ်တာကတော့ ချဲလ်ဆီးအသင်း ကစားပုံကလည်း အနိုင် ၃ မှတ် ပြည့် ယူသွားရလောက်အောင် မထိုက်တန်ခဲ့ဘူးလို့ ပွဲ အပြီးမှာ ဝန်ခံစကား ဆိုခဲ့ပါတယ်။
ဒီ သရေပွဲကြောင့် ၂ မှတ်လျော့ခဲ့ပြီးနောက် ချဲလ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၈ မှာသာ ဆက်ရှိနေပြီး အဆင့် ၄ နေရာနဲ့ ၇ မှတ်ထိ ပြတ်သွားခဲ့ပါတယ်။ နောက်ပွဲကလည်း မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ နည်းပြ ပေါ်တာ အခက်တွေ့ဦးမှာပါ။
ချဲလ်ဆီးအသင်းဟာ ကလပ်စံချိန်တင်ကြေးနဲ့ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေး ခြေတလှမ်းပဲ လိုတော့တဲ့ထိ နီးစပ်နေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဘင်ဖီကာကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်အတွက် များပြားတဲ့ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းအတွက် ပမာဏ အများအပြားကို အာမခံချက် ပေးချေဖို့ထက် နှစ်အလိုက် အရစ်ကျ ပေးဖို့ စီမံထားတာဖြစ်ပါတယ်။
ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဟက်ဆယ်ဘိန့်က သူ့ရဲ့ အသင်းဟောင်းဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မလွယ်ကူနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။
အင်တာမီလန် တိုက်စစ်မှူး လူကာကူ က သူဟာ အီတလီ မှာ ပျော်ရွှင် နေပြီး အင်တာ နဲ့ အငှား စာချုပ် ပြည့်ပါက ချဲလ်ဆီး ထံ မပြန်လာလို တာကြောင့် လန်ဒန် ကလပ် နဲ့ ဆွေးနွေး ပြောဆိုမှု ပြုလုပ် သွားမယ်လို့ ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ်။
ချဲလ်ဆီး အသင်းဆီကို ယူရို ၃၈ သန်း + အပိုဆုကြေး နဲ့ ပြောင်းရွှေ့တော့မယ့် ပြင်သစ် နောက်ခံလူ ဘာဒီယာရှီးလ် ဟာ မနေ့ညက ကစားတဲ့ လီဂူးဝမ်း ပွဲစဉ်မှာ မိုနာကို အတွက် မပါဝင် ခဲ့ဘဲ လန်ဒန် ကို သွားရောက်ဖို့ စတင် ပြင်ဆင် နေပြီလို့ သိရှိရ ပါတယ်။