လက်ရှိ ချဲလ်ဆီးက ဘယ်အသင်းနဲ့ တူနေပြီလဲ ထောက်ပြသွားတဲ့ စပါး ကြယ်ပွင့်ဟောင်းကြီး

စပါး ကြယ်ပွင့်ဟောင်း ဂျေမီ အိုဟားရားက ချဲလ်ဆီးအသင်းဟာ ဒီလိုခြေစွမ်းနဲ့သာ ဆိုရင် ထိပ်ဆုံး ၄ နေရာမှာ ရာသီမပြီးဆုံးနိုင်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ နည်းပြ ပေါ့တားလက်အောက်မှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မကြာသေးမီက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ရမှတ် ၂ မှတ်လျော့ကျခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလအစောပိုင်းမှာ ချဲလ်ဆီးအသင်းဟာ အသင်းကို အောင်မြင်မှုတွေ အများအပြား ရယူပေးခဲ့တဲ့ နည်းပြ တူဟယ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက ပေါ့တားဟာ ချဲလ်ဆီးအသင်းကို ၁၇ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပြီး talkSPORT မှာ စကားပြောဆိုရာမှာ အိုဟားရားက အနေ န်ဒန်ကလပ်အသင်းက ၎င်းက ထင်ကြီးစေခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက ဒီရာသီမှာ ထိပ်ဆုံး ၄ နေရာ ဝင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့တွေက တကယ်ကို သာမန်အသင်းပုံစံပေါက်နေပြီး တကယ် ပျင်းရိဖို့လည်း ကောင်းနေပါတယ်။ ကျွန်တော် သူတို့ရဲ့ ခြေစွမ်းကို တကယ်ကို အထင်ကြီးခဲ့တာမျိုး မရှိပါဘူး။ သူတို့တွေက သာမန်အသင်းခြေလောက်ပဲ ရှိခဲ့တယ်။

သူတို့တွေက ခင်ဗျားကို ထိုးဖောက်သွားမယ့်ပုံ တကယ်မပေါ်ပါဘူး။ သူတို့တွေက ခင်ဗျားကို နာကျင်အောင် လုပ်နိုင်မယ့်ပုံလည်း မပေါ်ပါဘူး။ သူတိုတွေက ရုပ်ပိုင်းဆိုင်ရာကလည်း အားကောင်းသင့်သလောက် အားကောင်းတဲ့ပုံမပေါ်ပါဘူး”

“သူတို့တွေက တော်တော်လေး ပျော့ညံ့တယ်။ သူတို့ကို ကြည့်ရတာ ဘရိုက်တန်အသင်းနဲ့ သွားတူနေတယ်။ အဲဒါက သူတို့ အခုဖြစ်နေတဲ့ပုံစံပဲ။ ဘောလုံးကစားပုံ ကောင်းကောင်းကစားနိုင်တဲ့အသင်းကောင်းဆိုပေမယ့် သူတို့တွေ ဆုဖလားတော့ ရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ၁၆ ပွဲကနေ ရမှတ် ၂၅ မှတ်သာ ရယူထားနိုင်ခဲ့ပြီးနောက် လာမယ့်ကြာပတေးနေ့ အိမ်ကွင်းမှာ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။