ဆော်ဒီ ရောက်သွားပေမယ့် ဥရောပ ချန်ပီယံလိဂ် ကို လက်မလျှော့သေးဘဲ စာချုပ်ထဲ ထည့်ထားတဲ့ စီ ရော်နယ်ဒို
ဆော်ဒီကလပ် အယ်နာဆာနဲ့ချုပ်ဆိုခဲ့တဲ့ စီရော်နယ်ဒိုရဲ့စာချုပ်ထဲမှာ ကစားသမားဘ၀ အဆုံးမသတ်ခင် ချန်ပီယံလိဂ်မှာ ထပ် ကစားနိုင်ဖွယ်ရှိတဲ့ အချက်တစ်ချက်ကို ထည့်သွင်းထားကြောင်း စပိန်သတင်းစာ မာကာက ဖော်ပြလိုက်ပါတယ်။ မြင့်မားတဲ့
လစာကြောင့် ဥရောပမှာ အသင်းသစ်ရှာဖို့ ရုန်းကန်ခဲ့ရတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က ဆော်ဒီကလပ်နဲ့ စာချုပ်ခဲ့တာပါ။
စီရော်နယ်ဒိုဟာ အခြေအနေမပေးတော့လို့သာ ဥရောပဘောလုံးရပ်ဝန်းကို စွန့်ခွာခဲ့ရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ စိတ် မကုန်သေးပါဘူး။

အဲဒါကြောင့်လည်း အယ်နာဆာနဲ့စာချုပ်ထဲမှာ နယူးကာဆယ် အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် သူ့ကို အငှား ပေးကန်ရမယ် ဆိုတဲ့ အချက် ထည့်သွင်းထားတာပါ။
နယူးကာဆယ်ကို ဆော်ဒီအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
စီရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်က သူ့ရဲ့စံချိန်မှတ်တမ်းတွေကို ကာကွယ်ချင်နေတာပါ။ သူဟာ ချန်ပီယံလိဂ်မှာ စံချိန်ပေါင်းများစွာ တင်ထားသူလည်း ဖြစ်ပါတယ်။
အခုချိန်ထိလည်း သူဟာ စုစုပေါင်း ဂိုး ၁၄၀ နဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူအဖြစ် ရပ်တည်နေတာပါ။
ဒါပေမဲ့လည်း သူ့ရဲ့အဲဒီစံချိန်ဟာ မကြာတော့မယ့်အချိန်အတွင်းမှာပဲ မက်ဆီရဲ့လိုက်မီခြင်းကို ခံရနိုင်ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ကစားသမားဟာ ချန်ပီယံလိဂ်မှာ ၁၂၉ ဂိုးသွင်းထားပြီး ပေါ်တူဂီသားနဲ့ ၁၁ ဂိုးသာကွာကာ နောက်ထပ် ၁၂ ဂိုးသွင်းတာနဲ့ စံချိန်ချိုးနိုင်မှာပါ။