မန်ယူ ပရိသတ်တွေ ခေါ်စေချင်နေတဲ့ ကစားသမားကို မခေါ်နိုင်သေးကြောင်း ဖြေရှင်းလာတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဆန်းဒါးလန်း အသင်းမှာ အငှား ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနေခဲ့တဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး အာမတ် ဒီယာလို ကို ပြန်ခေါ်ယူဖို့ အတွက် တွန့်ဆုတ်နေပါတယ်။
အသက် ၂ဝ သာ ရှိနေသေးတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဒီယာလိုဟာ ချန်ပီယံရှစ် ကလပ် အတွက် ၁၁ ပွဲ ကစားပေးခဲ့ရာမှာ ၆ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ တိုက်စစ် လိုအပ်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အငှားချထားတဲ့ ဒီယာလိုကို ပြန်ခေါ်ခွင့် ရှိနေခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေကတော့ ဆန်းဒါးလန်းမှာ ခြေစွမ်းပြနေတဲ့ ကိုယ့်ရဲ့ အသင်းသားကိုပဲ ပြန်လည် ခေါ်ယူစေချင်နေခဲ့ကြပါတယ်။

ဒါပေမယ့် နည်းပြ တန်ဟတ် က ” ကျွန်တော်တို့ အရာရာတိုင်းကို ထည့်သွင်းစဉ်းစားထားကြပါတယ်။ ဒါပေမဲ့ အာမတ် နဲ့ ပတ်သက်လို့ ကျွန်တော် ချင့်ချိန်ရပါဦးမယ်။ သူ့ရဲ့ တိုးတက်နေမှုကို ကျွန်တော် မရပ်တန့်လိုက်ချင်ပါဘူး။ သူ ဒီမှာ ပုံစံကောင်းတွေ ပြထားနိုင်ခဲ့တယ်လေ။ ဒီအတွက် ပျော်ရွှင်မိပါတယ် ”
” လူငယ် ကစားသမားတွေဟာ အတွေ့အကြုံ လိုအပ်ကြပါတယ်။ ကျွန်တော်တို့ သူ့ကို အသင်းဆီပြန်ခေါ်တဲ့ အချိန်မှာ သူ့အနေနဲ့ ပွဲထွက်ကစားသမားတွေနဲ့ ကစားခွင့် တစ်နေရာ ယှဉ်လုနိုင်စွမ်း ရှိနေသင့်ပါတယ်။ အသင်းအတွက် အကျိုးသက်ရောက်မှု ပေးနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ် ”
” လက်ရှိ အချိန်မှာတော့ ကျွန်တော် သူ့ကို ပွဲထွက် ၁၁ ဦးထဲ ပါနိုင်တဲ့ ကစားသမား၊ အကျိုး သက်ရောက်မှုတွေကို ပေးနိုင်မယ့် ကစားသမားအဖြစ် မမြင်သေးပါဘူး။ သူဟာ စီနီယာ အသင်းမှာ ကစားပေးဖို့ အတွေ့ အကြုံတွေ လိုအပ်နေပါသေးတယ်။
ဒီမှာက ရုပ်ပိုင်းရော စိတ်ပိုင်းပါ အထူး ကြံ့ခိုင်ဖို့ လိုတယ်လေ။ စကေးပိုင်းလည်း ကြွယ်ဝဖို့ လိုပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ တန်ဖိုးကို သိပါတယ် ” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။