ဘုန်းမောက်ကို ဂိုးပြတ် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ နေရာကိုပါ မှန်းလာနိုင်တဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ၃-ဝ နဲ့ အနိုင်ရပြီးနောက် အဆင့် ၃ နေရာမှ နယူးကာဆယ် အသင်းနဲ့ ၃၅ မှတ် တူသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာတို့ ခေတ်ဟောင်းအစုအဖွဲ့ကို ပြန်လည်ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဗန်ဒီဘိခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ မာစီယယ်လ်တို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘုန်းမောက်တို့ကတော့ ဂိုးသမား ထရေဗာစ်၊ ခံစစ်မှာ ဆီနက်ဆီ၊ မက်ဖမ်၊ အက်ဒမ် စမစ်နဲ့ ကယ်လီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လားမား၊ လူးဝစ္စ ကွတ်ခ်၊ ခရစ္စတီးနဲ့ အန်ထော်နီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘီလင်းနဲ့ ဆိုလန်ကီတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဘုန်းမောက်ကို ပြိုင်ဘက်တွေထဲမှာ အားအနည်းဆုံးနဲ့ အန္တရာယ်ပေးနိုင်မှု အနည်းဆုံးအသင်းအဖြစ် မန်ယူနည်းပြ တန်ဟတ် က တွက်ဆခဲ့ပုံ ပေါ်ပြီး ဘယ်တုန်းကမှ မသုံးတဲ့ မက်ဂွိုင်းယားကို ခံစစ်မှာ ပြန်ထည့်ခဲ့သလို ကွင်းလယ်မှာလည်း ပြောင်းလာပြီးကတည်း ခုချိန်အထိ အံမဝင်တဲ့ ဗန်ဒီဘိခ်ကို အခွင့်အရေးပေးပြီး စမ်းသပ် သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ဖြန့်ဝေရေးမှာ ဘရူနို ဖာနန်ဒက်စ်ထက်တောင် ဆရာကျနေတဲ့ အဲရစ်ဆန်က ဘယ်ခြမ်းကနေ ကန်တင်ပေးရာမှာ ဘုန်းမောက်ခံစစ်ကြားက အချိန်ကိုက် ပြေးထွက်သွားတဲ့ ကာစီမီရိုက အနီးကပ် ပြေးပိတ်ပြီး သွင်းယူသွားနိုင်ခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင် ခဲ့ကြတာပါ။

ဘုန်းမောက်တို့အနေနဲ့ ကွင်းလယ်တိုက်စစ်သမား တာဗားနီးယာ နားသွားခဲ့ပြီးကတည်းက ကစားကွက်က အရမ်းရိုးရှင်းသွားခဲ့ပြီး ဖန်တီးမှုတွေလည်း လျော့ကျသွားခဲ့သလို ဆိုလန်ကီနဲ့ ဘီလင်းတို့ကိုလည်း ဘယ်သူကမှ ထိရောက်စွာ ပံ့ပိုးနိုင်ခြင်း မရှိတော့ပါဘူး။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လုခ်ရှော ရယူလာပြီး ကွင်းလယ်ကို ပေးတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းကို ချပေးခဲ့ရာမှာ ဂါနာချိုက ဧရိယာအစပ်ကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ နေရာဝင်ယူထားတဲ့ လုခ်ရှောက ပိတ်သွင်းပြီး အဆုံးသတ်ရယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ သရဲနီတွေအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို ရရှိနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လုခ်ရှောရဲ့ ကွင်းလယ်ကနေ အကွက် မြင်မြင် ပေးပို့မှုကနေ ညာခြမ်းပြေးလိုက်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ တိကျတဲ့ ပေးပို့မှုကို ရက်ရှ်ဖို့ဒ်က အနီးကပ် အပိုင်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဘုန်းမောက်ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး လေးပွဲဆက်တိုက် ပရီးမီးယားလိဂ် နိုင်ပွဲ ရခဲ့ပါတယ်။

မန်ယူအသင်းဟာ အမှတ်ပေးဇယား ထိပ် ဦးဆောင်ထားသူ အာဆင်နယ်နဲ့ ၈ မှတ် အကွာ၊ ဒုတိယ နေရာမှ မန်စီးတီးနဲ့လည်း ၁ မှတ်သာ ကွာတာကြောင့် အမှတ်ပေးဖလား လုပွဲထဲ ပါဝင်လာပြီ လို့ ဆိုနိုင်ပြီး လက်ကျန်ပွဲတွေက ပိုပြီး မြိုင်ဆိုင်လာတော့မှာ ဖြစ်ပါတယ်။