ခေါ်ချင်တဲ့ ကလပ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားက ဆော်ဒီကလပ်ကို ရွေးခဲ့တာ လို့ စီ ရော်နယ်ဒို ပြောဆို

ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို က သူဟာ ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး အယ်လ်နာဆာအသင်းထံ ပြောင်းရွေ့လာတာဖြစ်ကြောင်း ကလပ်အသင်းသစ်နဲ့ မိတ်ဆက်ပွဲမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ( ၃၇ ) နှစ်အရွယ် ကစားသမားကို မနေ့ညမှာပဲ ဆော်ဒီ အာရေဗျကလပ်နဲ့ တရားဝင် မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ပရိသတ် ( ၂၅ ၀၀၀ ) ကျော် ရှိနေတဲ့ Mrsool Park ကွင်းကြီးထဲကို မဝင်ရောက်ခင် ရော်နယ်ဒိုက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာမှာ သူ့ရဲ့ အယ်လ်နာဆာအသင်းထံ ပြောင်းရွေ့ရတဲ့ ရည်ရွယ်ချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ ဥရောပမှာ ကျွန်တော်ရဲ့ အလုပ်က ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော် အရာရာတိုင်းကို အနိုင်ရခဲ့ပါတယ်။ ကျွန်တော် အရေးပါဆုံး ကလပ်တွေမှာ ကစားခဲ့ပါတယ်။ ကျွန်တော့်အတွက် ဒါက အာရှမှာ စိန်ခေါ်မှု အသစ်ပါပဲ။” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

နောက်ပြီး သူက ဥရောပမှာ ကလပ်အသင်း ရှာမရလို့ အာရှကို ပြောင်းရွေ့ရတာဖြစ်တာဖြစ်ကြောင်း ဝေဖန်သံတွေ ထွက်နေတဲ့အပေါ်လည်း ယခုလို တုန့်ပြန်ပြောဆိုခဲ့ပါသေးတယ် ။

“ ကျွန်တော် ဥရောပမှာ အခွင့်အလမ်းများစွာ ရှိခဲ့တယ်ဆိုတာ ပြောနိုင်ပါတယ်။ ဘရာဇီးလ် ၊ သြစတြေးလျ ၊ အမေရိကန်နိုင်ငံတွေက ကလပ်များစွာ ၊ ပေါ်တူဂီ ကလပ်တွေတောင် ပါပါသေးတယ် ၊ ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။” လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။