တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းပဲ ဆိုတာတောင် ရော်နယ်ဒို ကို ဥရောပမှာ ခေါ်မယ့်ကလပ် မရှိခဲ့ဘူးလို့ ပေါ်ထွက်လာ

ဆော်ဒီကလပ်ထံ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ ပေါ်တူဂီသား နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ခွင့်ရဖို့အတွက် တစ်ပတ်လစာ ပေါင်(၈၀,၀၀၀)အထိ လျှော့ချပေးခဲ့ပေမယ့် ဥရောပကလပ်တွေက သူ့ကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အင်္ဂါနေ့က သူ့ရဲ့ကလပ်အသင်းသစ် အယ်လ်နာဆာနဲ့ မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ပြီး အသင်းသစ်မှာ လစာအပါအဝင် (၁)နှစ်ကို ပေါင်(၁၇၃)သန်းအထိ ရရှိမှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ဒီရာသီအစကတည်းက မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ဥရောပဘောလုံးရပ်ဝန်းကို စွန့်ခွာပြီးတော့ အာရှမြေမှာ သူ့ရဲ့ ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းသွားမှာပါ။

နာမည်ကျော် The Athletic သတင်းဌာန အဆိုအရ စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို မပြောင်းခင် ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းတွေကို တစ်ပတ် ပေါင် ၈ သောင်း တည်းနဲ့ ကစားပေးပါမယ်လို့ ကမ်းလှမ်းကာ ပြောင်းရွှေ့နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုရဲ့ အသင်းဟောင်း ယူနိုက်တက်ကလည်း စီရော်နယ်လ်ဒို ဆန္ဒပြည့်ဝအောင် အသင်းပြောင်းမယ် ဆိုရင် သူ့ရဲ့ လစာငွေထဲက တချို့တစ်ဝက်ကို စိုက်ခံပေးဖို့ အသင့်ရှိပေမယ့် ဘယ်အသင်းကမှ မကမ်းလှမ်းခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်လ်ဒိုကတော့ သူ့ကို ခေါ်ယူဖို့ ဥရောပကလပ်တွေက ဆက်သွယ်ခဲ့တယ်လို့ အယ်လ်နာဆာ ကလပ်နဲ့ မိတ်ဆက်ပွဲမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အယ်လ်နာဆာအသင်းနဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုက

“ဥရောပမှာ ဆက်ကစားဖို့ ကျွန်တော် အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဘရာဇီးလ်၊ သြစတြေးလျ၊ အမေရိကန်နဲ့ ပေါ်တူဂီကလပ်တွေဟာ ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ အယ်လ်နာဆာ အသင်းကို ပြောင်းရွှေ့ဖို့ ကျွန်တော် ကတိပေးခဲ့ပြီးဖြစ်သလို ကျွန်တော်ကိုယ်တိုင်ကလည်း ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ထားပြီးဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ ဘောလုံးကဏ္ဍကို တိုးတက်မှုရှိလာအောင် စွမ်းဆောင်နိုင်ဖို့အတွက် အယ်လ်နာဆာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။