ပွဲတိုင်းကျော် ဂိုးသွင်းနေတဲ့ ရပ်ရှ်ဖို့ဒ် က ဝိန်းရွန်းနီနဲ့ စံချိန် မှတ်တမ်းတူ တစ်ခုကိုပါ ရရှိသွားပါပြီ
ဒီရာသီမှာ၊ အထူးသဖြင့် ကမ္ဘာ့ဖလား အပြီး ပြန်လာတည်းက မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အဲဗာတန်ကို အနိုင်ရတဲ့ FA ဖလားပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အဲဗာတန်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပွဲအစ(၄)မိနစ်မှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ အန်တိုနီက ပိတ်သွင်းခဲ့ပြီး အချိန်အတော်ကြာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အဲဗာတန်အသင်းအတွက် ချေပဂိုးကို ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့ အမှားကနေ နောက်ခံလူ ကိုဒီက သွင်းယူခဲ့ ပေမယ့် ပွဲချိန်(၅၂)မိနစ်မှာ ကိုဒီ ကိုယ့်ဂိုးကိုယ် ပြန်သွင်းခဲ့တာကြောင့် ယူနိုက်တက် ပြန်လည် ဦးဆောင်ခဲ့သလို အနိုင်သေချာစေမယ့် တတိယမြောက်ဂိုးကို ရပ်ရှ်ဖို့ဒ်က ပယ်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ ဘောလုံးထိချက် (၅၃)ကြိမ်၊ ဂိုးပေါက်ကန်သွင်းမှု (၄)ကြိမ်၊ အခွင့်အရေးဖန်တီးနိုင်မှု (၃)ကြိမ်၊ ဂိုးဖန်တီးမှု(၁)ကြိမ်၊ သွင်းဂိုး(၁)ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အခုဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီနောက်ပိုင်း ပြိုင်ပွဲစုံ၊ အိမ်ကွင်း(၇)ပွဲဆက်တိုက် အသင်း အတွက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
မန်ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ရွန်နီဟာ ၂၀၁၂ ဖေဖော်ဝါရီကနေ ဧပြီလအထိ အိုးလ်ထရက်ဖို့ဒ်မှာ (၇)ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီး အခု ရပ်ရှ်ဖို့ဒ်က အဲဒီမှတ်တမ်းကို အမှီ လိုက်နိုင်ခဲ့ပါတယ်။
ရပ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ အိမ်ကွင်းနောက်ဆုံး(၇)ပွဲဖြစ်တဲ့ ရှရစ်ဖ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဘန်လေ၊ နော်တင်ဟမ် ဖော်ရက်စ်၊ ဘုန်းမောက်၊ အဲဗာတန်တို့နဲ့ပွဲတွေမှာ ဆက်တိုက် ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ဒ့ါအပြင် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်ကစားတဲ့ ကလပ်အသင်းပွဲတွေမှာ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီး ဒါက ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်ခဲ့တာပါပဲ။
ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်ရဲ့ ပြိုင်ပွဲစုံသွင်းဂိုး အရေအတွက်က (၁၃)ဂိုးအထိရှိလာပြီး ယူနိုက်တက် ကစားသမားဘ၀ သွင်းဂိုးအများဆုံးရာသီဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီတုန်းက (၂၂)ဂိုးမှတ်တမ်းကို အမီလိုက်နိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။