ရေရှည် အတွက် ရည်ရွယ်ပြီး ဒီ ၃ ရက်အတွင်းမှာပဲ ကစားသမား ၃ ယောက် ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး
ပြီးခဲ့တဲ့ ၂ ရက်ကပဲ မိုနာကို အသင်းထံမှ နောက်ခံလူ ဘာဒီယာရှီလီကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးဟာ အခု စနေမှာလည်း နောက်ထပ်လူငယ်ကြယ်ပွင့် ၂ ယောက် ခေါ်ယူလိုက်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ဒီအပတ် စနေနေ့အစောပိုင်းမှာ ချဲလ်ဆီး အသင်း ခေါ်ယူခဲ့သူက နော်ဝေကလပ်မိုလ်ဒီက အိုင်ဗရီကို့စ်တိုက်စစ်မှုး ဒေးဗစ် ဖိုဖာနာပါ။ အသက် ၂၀ အရွယ် ကစားသမားအတွက် ပေါင် ၈ သန်းကနေ ၁၀ သန်းကြားပေးခဲ့ရပြီး ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အဲဒီနောက် စနေနေ့နှောင်းပိုင်းမှာတော့ ချဲလ်ဆီးအသင်း ဟာ ဘရာဇီးလူငယ်ကြယ်ပွင့် အန်ဒရီဆန်းတို့စ်ရဲ့ အပြောင်းအရွှေ့ကို ထပ်မံ အတည်ပြုခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ် ဆန်းတို့စ်အတွက် ချဲလ်ဆီးဟာ ဘရာဇီးကလပ် ဗက်စကိုဒဂါးမားကို ပေါင် ၁၈ သန်းပေးခဲ့ရပါတယ်။
ဘရာဇီးယူ-၂၀ လက်ရွေးစင်လည်းဖြစ်တဲ့ ဆန်တို့စ်ကိုလည်း နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဆန်းတို့စ်ဟာ ဘရာဇီးရဲ့အလားအလာ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
ချဲလ်ဆီးဟာ မိုနာကို အသင်းထံမှ ခေါ်ယူခဲ့တဲ့ ၂၁ နှစ်အရွယ် ဘာဒီယာရှီလီတုန်းကလည်း ၇ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဒီ ၃ ရက်၊ ရက်ပိုင်းအတွင်းခေါ်ယူခဲ့တဲ့ လူငယ်ကြယ်ပွင့် ၃ ယောက်စလုံးကို နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်လို့ အနာဂါတ် အတွက် ရည်ရွယ်ထားကြောင်း ပေါ်လွင်ပါတယ်။
လက်ရှိမှာလည်း ချဲလ်ဆီးဟာ ဒီဇန်နဝါရီမှာ နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဦးမှာဖြစ်ပြီး တီကိုက ဂျာအိုဖီးလစ်၊ ရှက်တာဒိုးနက်က မူဒရစ်တို့နဲ့ သတင်းထွက်နေ ပါတယ်။