ဇီဒန်းလို ဂန္တဝင်ကို မလေးမစား ပြောလို့ ပြင်သစ်ဘောလုံး ဥက္ကဌ အား ဝင်ဆုံးမသွားတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေ ကတော့ ဘောလုံးဂန္တဝင် ဇီဒန်းအား ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက လေးစားမှုမရှိတဲ့ မှတ်ချက်စကား ပေးခဲ့ပြီးနောက် ဇီဒန်းဘက်ကနေ ဝင်ရောက် ကာကွယ်ပေးခဲ့ပါတယ်။

ပြင်သစ်နဲ့ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းဟာ အာဂျင်တီးနားကို ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒက်ချမ့်စ်ရဲ့နေရာမှာ နည်းပြသစ်ဖြစ်လာဖို့ သတင်းထွက်နေသူဖြစ်ပါတယ်။

ဇီဒန်းရဲ့လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်တဲ့ ဒက်ချမ့်စ် ဟာ ဆယ်စုနှစ်တစ်ခုကျော် လက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြင်သစ်ကို အဓိကဆုဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ ၄ ကြိမ်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒေးရွှမ့်စ်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်ခဲ့ပုံပေါ်ပေမယ့်လည်း လက်ရှိမှာတော့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရွေးစင်အသင်းမှာ ဆက်လက်ရှိနေတော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ နိုအဲလ် လူဂါ့တ်က ဇီဒန်းနဲ့ပတ်သက်ပြီး မယုံနိုင်ဖွယ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး RMC Sport ရဲ့ Bartoli Time ရှိုးက အင်တာဗျူးအတွင်း ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမားက ဖုန်းခေါ်ရင် ဖုန်းတောင် ကိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဇီဒန်းက ဘရာဇီးလ်ကိုသွားမှာလား။ ကျွန်တော် လုံးဝကို ဂရုစိုက်မှာမဟုတ်ပါဘူး။ သူ သွားချင်တဲ့အသင်း ဒါမှမဟုတ် လက်ရွေးစင် အသင်းကို သွားလို့ရနိုင်ပါတယ်။ ကျွန်တော်တကယ်ကို ဂရုမစိုက်ပါဘူး။ သူ ကျွန်တော့်ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့လားဆိုရင် လုံးဝပါပဲ။ ကျွန်တော် သူ့ဖုန်းကို ကိုင်တောင် ကိုင်မှာလည်း မဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ လူဂါ့တ်က ပြင်သစ်ရဲ့ တသက်တာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဇီဒန်းနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ပုံစံကို သဘောမကျခဲ့ဘဲ ဝင်ရောက် ပြောဆိုခဲ့ပါတယ်။

“ဇီဒန်းက ပြင်သစ်ပါ။ ကျွန်တော်တို့ ဂန္တဝင်တွေကို ဒီလိုမျိုး မလေးမစားလုပ်လို့မရပါဘူး”လို့ အမ်ဘာပေက မျက်နှာကို လက်နဲ့အုပ်ထားတဲ့ အီမိုဂျီနဲ့အတူ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။