စပါးရဲ့ မြို့ခံ ပြိုင်ဘက် အာဆင်နယ် ဇယားထိပ် ရောက်နေတဲ့ အပေါ် ခပ်ပြတ်ပြတ် တုန့်ပြန်သွားတဲ့ ဆွန်ဟောင်မင်
တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ တိုက်စစ် ကစားသမား ဆွန်ဟောင်မင် က မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်း အမှတ်ပေး ဇယား ထိပ်ဆုံး ရောက်နေတဲ့ အပေါ် ဆွေးနွေး ပြောဆိုလိုခြင်း မရှိကြောင်း ခပ်ပြတ်ပြတ် ပြောလိုက်ပါတယ်။
လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယ နေရာက လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ၅ မှတ် အထိ ဖြတ်ထား နိုင်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ အသင်း ဖြစ်ပါတယ်။
စပါး အသင်းရဲ့ ကစားသမား ဆွန်ဟောင်မင် က သူ အပါအဝင် ကျန်တဲ့ အသင်းသားတွေ အားလုံး အာဆင်နယ် အသင်း အကြောင်း စိတ်မဝင်စားကြောင်း ဆိုလိုက်ပြီး အိမ်ကွင်းမှာ ပထမအကျော့ ရှုံးကြွေး ကို ပြန်ဆပ်ဖို့ပဲ ရည်မှန်းထားတယ်လို့ ပြောကြား လိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ အမ်းမရိတ်မှာတုန်းက တော့တင်ဟမ် အသင်းကို ၃-၁ နဲ့ အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ်။

ပိုစ့်မောက် အသင်း ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သတင်းထောက် တစ်ဦးက အာဆင်နယ် အသင်း ထိပ်ဆုံး ရောက်နေတဲ့ အပေါ် ဘယ်လို မြင်သလဲလို့ ဆွန်ဟောင်မင် ကို မေးမြန်း ခဲ့ရာ ဆွန် က
” သူတို့အကြောင်း ကျနော် စိတ်မဝင်စားပါဘူး။ အဝေးကွင်းမှာ ကျနော်တို့ သူတို့ကို ရှုံးနိမ့် ခဲ့ပါတယ် ၊ ဒီတစ်ပတ် ပွဲမှာ ပိုကောင်းတဲ့ ပုံစံ ပြသနိုင်ဖို့ ကျနော်တို့ အိမ်စာတွေ အများကြီး လုပ်ရပါဦးမယ်။
အမ်းမရိတ်မှာ ရှုံးတုန်းက ပရိသတ်တွေ အတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ် ၊ ဒါကြောင့် ကျနော်တို့ အိမ်ကွင်းမှာ ကြီးမားတဲ့ တာဝန် တစ်ခုကို ကျေပွန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။ ”
“အသင်းမှာ ရှိတဲ့ ကစားသမားတိုင်း လာမယ့် ပွဲအတွက် ရေကုန်ရေခန်း အားစိုက် ကြိုးစား ရမှာပါ ။ ကျနော်တို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင် ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
စပါး အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား အဆင့် ၅ နေရာ ရောက်နေပြီး အာဆင်နယ် နဲ့ ၁၁ မှတ် အထိ ကွာဟ နေပါတယ် ။