မန်ယူအသင်းထံ ပြောင်းလာဖို့ လက်ရှိကလပ်ကို အိတ်စိုက်ပြီး လျော်ကြေးတောင် ပေးချင်နေတဲ့ တိုက်စစ်မှုး
ဘက်ဆစ်တပ်မှာ အငှား ကစားနေတဲ့ ဘန်လေ တိုက်စစ်မှုး ဗက်ဟော့ ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ရေးအတွက် လက်ရှိကလပ်ကို လျော်ကြေးပေးရမယ် ဆိုရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဖြေရှင်းဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေအရ သိရပါတယ်။
အသက် ၃၀ အရွယ် နယ်သာလန်သား တိုက်စစ်မှုးဟာ အိုးလ်ထရက်ဖို့ဒ်ကို အငှားရောက်ဖို့ သတင်းကြီးနေတာပါ။ အခုချိန်ထိတော့ သူ့ရဲ့အငှား အပြောင်းအရွှေ့အတွက် ဘာသဘောတူညီမှုမှ မရသေးပါဘူး။
ဗက်ဟော့ ကို ခေါ်ချင်ရင် မန်ချက်စတာ ယူနိုက်တက် ဟာ ဘန်လေနဲ့ သူ့ရဲ့အငှားကလပ် ဘက်ဆစ်တပ် တို့ နှစ်သင်းစလုံး ကျေနပ်လောက်စေမယ့် ကမ်းလှမ်းမှုမျိုးလုပ်ဖို့ လိုအပ်ပါတယ်။

ဗက်ဟော့ ကိုယ်တိုင်ကတော့ မန်ယူအသင်းထံ အရမ်းပြောင်းချင် နေတာဖြစ်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့တာပါ။ အခုလည်း တူရကီဂျာနယ်လစ် တစ်ယောက်က ဗက်ဟော့ ဟာ အခြေအနေထူးမလာရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဖြေရှင်းဖို့ ပြင်ဆင်ထားကြောင်း ဆိုလာပါတယ်။
”တကယ်လို့ ဘီဆစ်တက်ကနေ သူ ထွက်လို့မရဘူးဆိုရင် ဗက်ဟော့ ဟာ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေးမှာပါ”လို့ တူရကီဂျာနယ်လစ်ဂေါ့ဟန်ဒင့်က ဆိုခဲ့တာပါ။
ပြီးခဲ့တဲ့တနင်္ဂနွေကတော့ ဗက်ဟော့ ဟာ အသင်းအတွက် ဂိုးသွင်းပေးပြီးနောက် ဘက်ဆစ်တက်ပရိသတ်တွေကိ နှုတ်ဆက်တဲ့ အမူအယာလုပ်ခဲ့ပါတယ်။ သူဟာ တူရကီမှာ ဂိုးသွင်းခြေစွမ်းပြနေပြီး ဒီရာသီ ဘက်ဆစ်တက်အတွက် ၁၈ ပွဲမှာ ၉ ဂိုးသွင်းထားတာပါ။