လီဗာပူး ပြုတ်ကျန်ခဲ့ပြီး စပါးကလည်း မန်ယူကို ကျော်မယ် ဆိုတဲ့ ဆက်ဂ်ညာ ရဲ့ ထူးခြားတဲ့ Top 4 ခန့်မှန်းချက်

မန်ချက်စတာစီးတီး နဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဘာကရီ ဆက်ဂ်ညာ က ဒီရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဘယ်အသင်းတွေ ဝင်မလဲ ခန့်မှန်းရင်း လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်လိမ့်မယ်လို့ သူဘာကြောင့် ယူဆနေသလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

လီဗာပူးက ဒီရာသီမှာ ပုံစံကောင်း ပျောက်ဆုံးလျက် ရှိနေပြီး ပရီးမီးယားလိဂ်မှာ top 4 ဝင်ခွင့်ရဖို့ အတွက်တောင် အတော်လေး ရုန်းကန် ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ ရာသီဝက်ကို ရောက်ရှိလာခဲ့ချိန်မှာ ယာဂန်ကလော့ရဲ့ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

ဆက်ညာက “လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွက် အရမ်းကို ကောင်းမွန်တဲ့ အသင်းတစ်သင်း ဆိုတာကို ပြသထားခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်း အတွက် တကယ့်ကို အရေးပါတဲ့ ကစားသမား ဖြစ်တဲ့ ဆာဒီယိုမာနေးကို ဆုံးရှုံး ခဲ့ပါတယ်။

ပြီးတော့ ဒီရာသီမှာ သူတို့ရဲ့ တာထွက်ပုံဟာ တကယ့်ကို ဆိုးရွားလှပါတယ်။ ကာလရှည် ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တဲ့ အသင်းတွေဟာ တစ်ချိန်ချိန်မှာတော့ ကျဆင်းမှုကို ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ အသင်းကို ပြန်လည် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

အဓိက ကစားသမားတွေ ထွက်သွားခဲ့တဲ့ အခါ ကိုယ့်အနေနဲ့ restart ပြန်လုပ်သွားရပါမယ်။ အခုကြည့်ရတာ လီဗာပူးဟာ သူတို့ရဲ့ လမ်းကို ပြန်ရှာတွေ့ဖို့ ကြိုးစားနေတဲ့ ပုံစံမျိုး ပါပဲ။ သူတို့ဟာ နောက်ပိုင်းမှာ အနည်းငယ် ပိုကောင်းအောင် လုပ်ပြထားခဲ့ပေမယ့်လည်း top 4 နေရာနဲ့တော့ အတော်လေးကို ဝေးနေပါတယ်။

ဒါဟာ ချဲလ်ဆီးနဲ့ ခပ်ဆင်ဆင် အခြေအနေမျိုး ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ကလပ်အတွင်းမှာ အပြောင်းအလဲတွေ အများအပြား ရှိခဲ့ပါတယ်။ ပိုင်ရှင်သစ်ဟာ မန်နေဂျာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ ဒီရာသီမှာ ရမှတ်တွေ အများအပြား ဆုံးရှုံးထားခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိမှာလည်း အမှတ်တွေ ဆုံးရှုံးနေဆဲပါ။ ကျွန်တော် ကတော့ သူတို့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်တွေ ရရှိလိမ့်မယ်လို့ မမြင်မိပါဘူး။

မန်ယူနိုက်တက်တို့ ကြုံနေရတဲ့ ပြဿနာ ကတော့ သူတို့ဟာ ကိုယ့်ကိုကိုယ်ကော ပရိတ်သတ်တွေ ဆီက ဖိအားတွေပါ ရရှိနေလို့ပါ။ ရလဒ်တွေ အနည်းငယ် ယိမ်းယိုင်သွားမယ် ဆိုရင် ပရိတ်သတ်တွေသာ သူတို့ဘက်ကို လှည့်လာမယ့်ပုံပါ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ top 4 က အာဆင်နယ် မန်စီးတီး နယူးကာဆယ် နဲ့ တော့တင်ဟမ် တို့ပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်ဂ်ညာ ရဲ့ top 4 ခန့်မှန်းမှုမှာ အငြင်းပွားစရာ ကောင်းတာကတော့ ပုံစံကောင်း ရလဒ်ကောင်းတွေ ရနေတဲ့ မန်ယူနိုက်တက်ကို ကျော်ကာ ရုန်းကန်စ ပြုနေတဲ့ တော့တင်ဟမ်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။