ဒီနှစ် ရွှေဘောလုံးဆု အနိုင်ရမယ့်သူက သူ မဟုတ်ဘူးလို့ ထုတ်ပြောလိုက်တဲ့ မက်ဆီ
မက်ဆီဟာ အာဂျင်တီးနားနဲ့ ကိုပါအမေရိက ဖလားအနိုင်ရခဲ့သလို ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံးရာသီအတွင်း လာလီဂါကလပ်ကို ကိုပါဒယ်ရေးဖလားရအောင် ကူညီပေးခဲ့တာကြောင့် ဘလွန်းဒီအော ၂၀၂၁ ကို အနိုင်ရဖို့ ရေပန်းစား သုံးဦးစာရင်းမှာ ထိပ်ဆုံးနေရာက ပါဝင်နေပါတယ်။
ဒီနှစ် ဒီဇင်ဘာလမှာ ဆုကို ချီးမြှင့်ပေးအပ်မှာဖြစ်ပြီး လီဝမ်ဒေါစကီး၊ ဘန်ဇီမာတို့ကလည်း အဆိုပါဆုအတွက် ရေပန်းစားသလို ယူရိုဖလားနဲ့ ချန်ပီယံလိဂ်လား အောင်မြင်ခဲ့တဲ့ ဂျော်ဂျင်ဟိုကလည်း ရေပန်းစားစာရင်းထဲ ပါဝင်သူတစ်ဦး ဖြစ်ပါတယ်။
မက်ဆီက ကစားသမားဘဝ ၇ ကြိမ်မြောက် ဘလွန်းဒီအာဆုကို ရရှိဖို့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရချိန်မှာလည်း သူ့ရဲ့ အမြင်ဘက်ကနေ ဆွေးနွေးပေးခဲ့တယ်။ ကမ္ဘာအကောင်းဆုံး ရွှေဘောလုံးဆုကို နှစ်နှစ်ဆက်အဖြစ် အနိုင်ရဖို့ မျှော်လင့်ထားသလား ဆိုတဲ့ မေးခွန်းအပေါ် မက်ဆီက
“ရိုးရိုးသားသား ပြောရရင် ဒီနှစ်မှာ ကျွန်တော်ရမယ်လို မထင်ပါဘူး။ ကျွန်တော့်ရဲ့ အကြီးမားဆုံး ဆုက နိုင်ငံအသင်းနဲ့အတူ ကိုပါအမေရိကဖလား အောင်မြင်မှု ရခဲ့တာပါပဲ။ ဒီအောင်မြင်မှုရဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက်မှာ ကိုပါဖလားကပဲ ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ဒီနှစ်မှာ ဘလွန်းဒီအောဆုရရင်တော့ နောက်တစ်ဆု ထပ်တိုးရတာဖြစ်လို့ ထူးခြားသွားမှာပေါ့။ ၇ ကြိမ်မြောက်ဆိုတာ ရူးလောက်စရာ ဖြစ်မှာပါ။ မရရင်လဲ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က အကြီးမားဆုံး ရည်မှန်းချက်တွေထဲက တစ်ခုကို အောင်မြင်ခဲ့ပြီးပါပြီ ” လို့ ဖြေကြားခဲ့ပါတယ်။
မက်ဆီအနေနဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြီးရင် နိုင်ငံအသင်းကနေ အနားယူနိုင်တယ်ဆိုတဲ့ သတင်းတွေ ရှိခဲ့ပေမယ့် မက်ဆီကတော့ အဲ့လိုအတွေးမျိုး မရှိသေးဘူးလို့ ရှင်းပြခဲ့ပါဘူး။
“မဟုတ်ပါဘူး။ တကယ် မဟုတ်ပါဘူး။ ဖြစ်ခဲ့တာတွေအပြီးမှာ ကျွန်တော် တနေ့ချင်း၊ တစ်နှစ်ချင်းပဲ အာရုံစိုက်ပါတယ်။ ကမ္ဘာ့ဖလားမှာ၊ ကမ္ဘာ့ဖလားအပြီးမှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်မသိဘူး။ အဲ့အကြောင်း ကျွန်တော် မစဉ်းစားဘူး။ အဲ့ဒီ့အချိန်ရောက်ရင် သူ့အလိုလို ဖြစ်သွားပါလိမ့်မယ် ” လို့ မက်ဆီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။