အာဆင်နယ် ကို အမွှန်းတင် ချီးကျူးပြီး စပါးနဲ့ မြောက်လန်ဒန် ဒါဘီပွဲ အတွက် အီဗရာ သုံးသပ် ခန့်မှန်းသွား
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာ က ဒီရာသီမှာ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်မှု ရှိနေပြီး ဒီတစ်ပတ် မြောက်လန်ဒန် ဒါဘီ ပွဲမှာ ဂန်းနားတို့ အနိုင် ရကို ရလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ်။
အီဗရာ က –
” ဒါပေမယ့် ဒီရာသီ အာဆင်နယ် အသင်းက မနှစ်က အာဆင်နယ် နှင့် ဘာမှကို မဆိုင်တော့ပါဘူး ၊ အခု အာဆင်နယ် က ချန်ပီယံဆုကြီးကို ကိုင်မြှောက်နိုင်မယ်လို့ ယုံကြည်မှု ရှိနေတဲ့ အသင်းပါ ၊ အာတီတာ နေရာမှာ ကျနော်သာဆိုရင် ကျနော်တို့ အသင်း ဟာ ချန်ပီယံ အသင်း ဖြစ်နိုင်ကြောင်း ယုံကြည်မှု ထားဖို့ အသင်းသားတွေကို ပြောမှာပါ ။ ”
” ကစားသမားတွေ အနေနဲ့ ချန်ပီယံ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ဓတ်မျိုး မွေးမြူထားဖို့ လိုပါတယ် ၊ ရန်ဘက် တော့တင်ဟမ် နဲ့ ပွဲမှာလည်း အဲ့ဒီလိုပဲ တွေးပြီး ကစားရမှာပါ ၊ အာဆင်နယ် အနေနဲ့ တော့တင်ဟမ် ကို အနိုင် ရသင့်ပါတယ် ၊ အာဆင်နယ် အနိုင် မရနိုင်စရာ အကြောင်းလည်း မတွေ့မိပါဘူး ။ ”

“ဒါက ဒါဘီပွဲပါ ၊ ဘာမဆို ဖြစ်ပျက် သွားနိုင်တာတော့ ဟုတ်ပါတယ် ၊ ဆုံးဖြတ်ချက် အမှားတွေ မမျှတမှုတွေ ရှိလာနိုင်ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်း အနိုင် မရနိုင်တဲ့ အကြောင်းအရင်း လုံးဝ မမြင်မိပါဘူး ၊ အာဆင်နယ် အနေနဲ့ တော့တင်ဟမ် ကို သတိထားဖို့တော့ လိုပါတယ် ၊ ကွန်တီ နှင့် သူ့ရဲ့ ကစားသမားတွေက နာကျင်အောင် လုပ်နိုင်စွမ်း ရှိကြပါတယ် ။ ”
” တကယ် ကောင်းမယ့် ပွဲကြီးပါ ၊ နှစ်သင်း စလုံးရဲ့ လက်ရှိ အနေအထားတွေကို ယှဉ်ကြည့်ရင် အာဆင်နယ် က ချီးကျူး ဂုဏ်ပြုဖို့ ထိုက်တန်တဲ့ အသင်းပါ ။ အာဆင်နယ် အနေနဲ့ title ဆုကြီးကို ရချင်တယ်ဆိုရင် ပွဲတိုင်းကို အနိုင် ကစားဖို့ လိုအပ်ပါတယ် ၊ အနိုင် ကစားနိုင်စွမ်းလည်း သူတို့မှာ ရှိပါတယ် ။ ”
” အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်ပါတယ် ၊ အာဆင်နယ် ပရိသတ်တွေ ကို ကြည့်ရသလောက် သူတို့ အသင်း အပေါ် စိုးရိမ် ပူပန်မှုတွေ ရှိနေကြပါတယ် ၊ ချန်ပီယံ ဖြစ်နိုင်တယ်ဆိုတဲ့ စကားမျိုးကို မပြောစေချင်ကြပါဘူး။
ဒါပေမယ့် အာဆင်နယ် အသင်း ရဲ့ လက်ရှိ ကစားပုံကို ကြည့်ကြည့်ပါ ၊ သူတို့ထက် ပိုကောင်းအောင် ကစားနိုင်တဲ့ အသင်း ပွဲကို ထိန်းချုပ် ထားနိုင်တဲ့ အသင်း တစ်သင်းမှ မရှိပါဘူး ၊ အာဆင်နယ် က ဘယ်အသင်းကိုမှ ကြောက်မနေပါဘူး ၊ သူတို့က ကလေးတွေ မဟုတ်ကြတော့ပါဘူး ။ ” လို့ သုံးသပ် ပေးသွားခဲ့ပါတယ် ။
အီဗရာ ကတော့ အာဆင်နယ် အသင်း တော့တင်ဟမ် ကို ၁-၃ နဲ့ အနိုင်ရမယ်လို့ ခန့်မှန်း ပေးသွားခဲ့ပါတယ် ။